မန္တလေး၊ မတ် ၁၀
မန္တလေးကန်တော်ကြီးအနီး ဓားခုတ်လုယက်မှုများ ကျူးလွန်နေသူအဖွဲ့အား နှိမ်နင်းမည်ဟူ၍ ကျုံးဝါးထားသည့် အဖွဲ့တစ်ဖွဲ့ကို လူမှုကွန်ရက်စာမျက်နှာပေါ်၌ တွေ့ရှိရပြီး အဆိုပါအဖွဲ့သည် ၎င်းတို့ကိုယ်ပိုင် ဖွင့်လှစ်ထားသည့် ဖေ့စ်ဘုတ်ပေ့ချ်မှပင် ဓားများအလှူခံနေသည်ကိုလည်း တွေ့ရှိရသည်။
မန္တလေးမြို့ခံ လက်ဝှေ့သမားတစ်ဦးက ဦးဆောင်ဖွဲ့စည်းထားသည့် အဆိုပါအဖွဲ့သည် ကန်တော်ကြီးအနီးတစ်ဝိုက် ဓားခုတ်လုယက်မှုများ ကျူးလွန်နေသည့်အဖွဲ့အား နှိမ်နင်းရန် သီးသန့်စုဖွဲ့ထားခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၉ ရက်နေ့တွင် ဖိုးသားကြီးဆိုသည့် Page မှတစ်ဆင့် ကန်တော်ကြီးနှင့် ၁၉ လမ်း၊ ဧရာဝတီမြစ်ကန်ပတ် လမ်းနှင့် လမ်း ၈၀ ကြားတို့၌ ဓားခုတ်လုယက် မှုများ ကျူးလွန်နေသည့် ၈ ယောက်ပါအဖွဲ့အား သတင်းပေးရန် ပို့စ်၌ ရေးသား ဖော်ပြထားခဲ့ပြီး ယမန်နေ့ညတွင် ဓားနှင့် လေးခွများ ကိုင်ဆောင်ထားသည့် ဓားခုတ်လုယက်သူ ၃ ဦးတို့အား ၎င်းတို့အဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားခဲ့သည်။
ဖိုးသားကြီးနှင့်အဖွဲ့သည် ဖမ်းဆီးရမိခဲ့သည့် ဓားခုတ်လုယက်သူ ၃ ဦးတို့အား မေးမြန်းရာမှ ဓားခုတ်ကောင်ဟု ၎င်းတို့အမည်ပေးထားသည့်အဖွဲ့နှင့် ခေါင်း ဆောင်ဖြစ်သူတို့အား သိရှိထားပြီး ဓားခုတ်ကောင်အဖွဲ့အား ယနေ့ညတွင် Live လွှင့်၍ ဝင်ခုတ်မည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားခဲ့သည်။
“မနေ့ညက ကန်တော်ကြီးမှာ ဓားခုတ်ကောင် ၃ ကောင်မိပါတယ်။ ဓားတွေရော၊ လေးဂွပါ ပါ,ပါတယ်။ ရိုက်စစ် တော့ ဘယ်သူ့တပည့်လို့ ပြောပါတယ်။ အဲ့ီအတွက် အဲ့ဒီအဖွဲ့တာဝန်ယူရပါမယ်။ ဒီနေ့အဲ့ဒီအဖွဲ့ကို ဝင်ခုတ်ရင် Live လွှင့်ပေးပါမယ်” ဟု ဖိုးသားကြီးမှ ရေးသားထားခဲ့သည်။
ဖိုးသားကြီးအကောင့်တွင် ရေတံခွန်တောင်လမ်းနှင့် သိပ္ပံလမ်းနားတစ်ဝိုက် ဓားခုတ်လုယက်မှုများ ကျူးလွန်နေသည့် အဖွဲ့အား ၎င်းတို့နှင့်နီးစပ်သည့် အဖွဲ့တစ်ခုမှ ဖမ်းဆီးပေးနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားခဲ့သည်။
အဆိုပါအဖွဲ့အား ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ဒေသတွင်းသတင်းဌာနတစ်ခုမှ ဖော်ပြရာတွင် အောင်ပင်လယ်နယ်မြေခံရဲစခန်းက ကင်းလှည့်နေစဉ် ဓားခုတ်လုယက်မှုများ ကျူးလွန်နေသူ လူ ၇ ဦး ပါဝင်နေသည့် ဂိုဏ်းအား သက်သေခံလက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
လင်းခေါင်