တာချီလိတ်၊ မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယမန်နေ့က ဆိုင်ကယ်ကယ်ရီမောင်း နှင်သူအား ဆိုင်ကယ်ငှားရမ်းစီးသူက လမ်းတွင် ဓားဖြင့်တိုက်ခိုက်ပြီး ဆိုင်ကယ် လုရာ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူက ကျောက်ခဲဖြင့် ပြန်လည်ခုခံခဲ့သဖြင့် လုယက်သူ ထွက်ပြေးသွားကြောင်း သိရသည်။
မတ် ၉ ရက် နေ့လည်ပိုင်းက တာချီလိတ်မြို့၌ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ တစ်ဦးထံ အမည်မသိအမျိုးသားတစ်ဦး ရောက်ရှိလာကာ တာချီလိတ် ပုံလို့သုဿန်အနီးသို့ ငှားရမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်စဉ် တာချီလိတ်ကျိုက်ထီးရိုးဘုရားအကျော် လူပြတ်သည့်နေရာအရောက်၌ ဆိုင်ကယ်ငှားစီးသူက လုယက်ရန် အသင့်ပါလာသော ဓားအား အိတ်အတွင်းမှ ထုတ်ကာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နောက်က လူက ဓားထုတ်လိုက်တာကို ဘက်မှန်က မြင်လို့ ဆိုင်ကယ် ကိုလဲချလိုက်တော့ မထိလိုက်ဘူး။ ဆိုင်ကယ်ဆရာက အနားက ကျောက် ခဲနဲ့ထုတော့ သူက အဝေးကို ပြေးပြီး လေးခွနဲ့လှမ်းပစ်တယ်။ အနီးကပ်လာပြီးလည်း ဆိုင်ကယ်လုဖို့ လုပ်တယ်။ အဲ့ဒီအချိန် အခြားလူနှစ်ဦးလာတာ မြင်တော့ လုတဲ့လူက ထွက်ပြေးသွားတယ်။ ဆိုင်ကယ်တော့ မပါသွားဘူး“ ဟု ရွှေတာချီလူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ရှင်းပြသည်။
လုယက်ခံရစဉ် ဓားဖြင့်ထိုးသော်လည်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘဲ လုယက်သူမှ လေးခွဖြင့်ပစ်ရာ လုယက်ခံရသူ၏ နှဖူးတွင် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာများ ရရှိသဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူအား ဆေးကုသမှုခံယူရန် ရွှေတာချီလူမှုကူညီရေးအသင်းမှ အသင်း သားများက စုပေါင်း၍ ဆေးဖိုးအဖြစ် ထိုင်းဘတ်ငွေ ၁,၅၀၀ အား ယနေ့နံနက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက် နံနက်အစောပိုင်းကလည်း တာချီလိတ်မြို့၌ပင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူအား အမည်မသိအမျိုးသားတစ်ဦးက ဦးခေါင်းအား တုတ်ဖြင့်ရိုက်ကာ Yamaha အမျိုးအစားဆိုင်ကယ်အား လုယက်သွားပြီး ယခုအချိန်အထိ လုယက်သူအား ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ယခုရက်ပိုင်းအတွင်း မြို့နယ်အချို့၌ ဓားဖြင့် တိုက်ခိုက်ကာ ဆိုင်ကယ်လုယက်မှုများ မကြာခဏဖြစ်ပွားနေပြီး မန္တလေး၊ မော်လမြိုင်နှင့် မိတ္ထီလာမြို့တို့၌ ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မောင်ဇော်
ပုံစာ- ဓားဖြင့် တိုက်ခိုက်လုယက်ခံရသဖြင့် ဒဏ်ရာရရှိသူအား တွေ့ရစဉ်။
ဓာတ်ပုံ – ရွှေတာချီလူမှုကူညီရေးအသင်း