သဘာဝတရားကြီးက အင်မတန်မှ ဆန်းကြယ်တယ်။ အခု မြင်နေရတဲ့ မှိုက ပုရွက်ဆိတ်ဇွန်ဘီမှိုတဲ့။ မှိုက ပုရွက်ဆိတ်ရဲ့ ကိုယ်ပေါ်မှာ ပေါက်တယ်။
ပြီးတော့ ပုရွက်ဆိတ်ရဲ့ ဦးနှောက်ကို ထိန်းချုပ်ပြီး အဲဒီ ပုရွက်ဆိတ်ကို သူ သွားလိုရာ သွားခိုင်းတယ်။ များသောအားဖြင့် ဘယ်ကို သွားခိုင်းသလဲ ဆိုတော့ သစ်ရွက်တွေရဲ့ အောက်ဘက်မျက်နှာပြင်ကို သွားခိုင်းပြီး အဲဒီမှာ သေတဲ့အထိ ဇောက်ထိုးနေသွားရတယ်။
မှို လိုလားတဲ့ နေရာရောက်ပြီဆိုတော့ ပုရွက်ဆိတ်ရဲ့ ကိုယ်ထဲကနေ မှိုဖူးလည်း ထွက်လာရော။ ပုရွက်ဆိတ်လည်း မမ်မီဖြစ်ရော။ မှိုက အဲဒီ ပုရွက်ဆိတ်ရဲ့ ကိုယ်ပေါ်ကနေ အာဟာရယူတယ်။ ကပ်ပါးပင်ပေါ့။
တစ်ခါက ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ လူသားတွေမှာ free will တကယ်ရော ရှိရဲ့လား ပေါ့။ သဘောက လူသားတွေဟာ အသက်ရှင်သန် နေထိုင်နိုင်ဖို့ ကိုယ်ပိုင်ဆန္ဒနဲ့ လှုပ်ရှားပိုင်ခွင့် တကယ်ရော ရှိရဲ့လားပေါ့။ ပုရွက်ဆိတ်ဇွန်ဘီမှို လိုပဲ။ ကျနော်တို့ရဲ့ ခန္ဓာမှာ ကပ်ပါးကောင်အနေနဲ့ မှီခိုပြီး ကျနော်တို့ကို ခိုင်းစေနေတဲ့ အရာတစ်ခုခုများ ရှိနေမလား။ ကိုယ်ကတော့ ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်နေတယ်ပဲ ထင်တာလေ။ တကယ်တမ်းကျတော့ ဟိုပုရွက်ဆိတ်လေးလို သူ့ကပ်ပါးကောင်က ခိုင်းလို့ လုပ်နေရတာကို မသိတာလည်း ဖြစ်ချင် ဖြစ်နေမှာ။
ကျနော်တို့ကိုယ်ပေါ်မှာ အဲဒီလို မှိုမျိုး ရှိမရှိတော့ မသေချာဘူး။ သေချာတာတစ်ခုကတော့ ကျနော်တို့ကို ခိုင်းစေနေတဲ့ ရုပ်ဓာတ်တစ်မျိုး ရှိတယ်။ သူက ကျနော်တို့ကို ခိုင်းစေနေတယ်လို့ ကျနော်တို့က ဘယ်တုန်းကမှ ထင်ဖူးတာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် လိုလိုချင်ချင်နဲ့ လုပ်နေတယ် လို့ပဲ ထင်တာ။ အဲဒီ ရုပ်ဓာတ်ကို သိပ္ပံပညာက ဟော်မုန်းလို့ နာမည်ပေးထားတယ်။ ယေဘုယျနာမည်ပေါ့။ ဟော်မုန်းတွေ အများကြီး ရှိတဲ့ အထဲမှာမှ ကျနော်တို့ကို အများဆုံး ခိုင်းစေပြီး သူ ခိုင်းသမျှ ကျေကျေနပ်နပ်ကြီး လုပ်ပေးချင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ဟော်မုန်းက ဒိုပါမင် (dopamine) ဟော်မုန်းပဲ။ သူကတော့ ခိုင်းနေတာပဲ။ လူ့စိတ်ကလည်း ကိုယ့်ဆန္ဒနဲ့ကိုယ် ပျော်ပျော်ကြီး လုပ်နေရတယ် ထင်တာ။ လောဘဝင်လာရင် စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ချင်လာသလိုပေါ့။ ဒါကြောင့် ကျနော်က ဒိုပါမင်ဟော်မုန်းကို လောဘမော်လီကျူးလို့ နာမည်ပေးထားတယ်။
Photo credit to Jay Eeh
Update: အဲဒီမှိုမျိုးကို Ophiocordyceps unilateralis fungus လို့ ခေါ်ပါတယ်။
Correction : အဲဒီမှိုက ဦးနှောက်ကို တိုက်ရိုက် ထိန်းချုပ်တာ မဟုတ်ဘဲ အာရုံကြောကနေတဆင့် bioactive compound တွေ ထည့်ပြီး ကြွက်သားတွေကို လိုသလို ခိုင်းစေထိန်းချုပ်သွားတယ်လို့ လေ့လာတွေ့ရပါတယ်။
#CreditOriginalUploader