နေပြည်တော်၊ မတ် ၁၁
အွန်လိုင်းတွင် အခကြေးငွေယူ၍ ပတ်စ်ပို့လုပ်ပေးသည်ဟုဆိုကာ နေပြည်တော်မှ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ယမန်နေ့ညပိုင်းက သတင်းထုတ်ပြန်ထားချက် အရ သိရသည်။
မတ်လ ၇ ရက်က အွန်လိုင်းပေါ်ရှိ နေပြည်တော်အသိုင်းအဝိုင်း ဖေ့ဘုတ်စ် ဂရုမှ အကောင့်တစ်ခုက ” နေပြည်တော် ၈မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စပို့အမျိုးမျိုးကို ယုံကြည်စွာအပ်နှံနိုင်ပါသည်။
ဆက်သွယ်ရန် ဖုန်းဟု ၀၉ ……. “ ဟု ရေးသားထားသည်ကို တွေ့ရသဖြင့် လိုက်လံစုံစမ်းပြီးနောက် မတ်လ ၈ ရက်ညပိုင်းက သူမထံဆက်သွယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
သာမန်နိုင်ငံကူးလက်မှတ် အသစ် (သို့) သက်တမ်းတိုးလျှောက်ပါက ငွေကျပ် ၂၄၀,၀၀၀ ကျပ် ပေးချေရမည်ဖြစ်ကာ လုပ်ငန်းဆောင်ရွက်မည်ဆိုပါက စရံငွေကျပ် တစ်သိန်းနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ
ယူဆောင်လာရမည်ဖြစ်ကာ အလုပ်အပ်နှံသည့်နေ့မှ စတင်၍ တစ်ပတ်အတွင်း နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လျှောက်ပြီးပါက နှစ်ပတ်အတွင်း စာအုပ်ရမည်ဖြစ်၍ အလုပ်အပ်နှံမည်ဆိုပါက သူမ၏ နေအိမ်သို့ လာရောက်အပ်နှံနိုင်ကြောင်း ပြန်လည်ဖြေကြားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် မတ်လ ၉ ရက် ညပိုင်းက သူမ၏ လိပ်စာအတိုင်း နေပြည်တော်ပျဉ်းမနားမြို့နယ်ရှိ နေအိမ်သို့ သွားရောက်ဖမ်းဆီးရာ အသက် ၄၂ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးအား နေအိမ်မှ ဖမ်းဆီးရမိပြီး ပျဉ်းမနားရဲစခန်းတွင် အမှုဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ပတ်စ်ပို့ထုတ်ပေးခြင်းအား ခေတ္တရပ်ဆိုင်းထားရာမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အွန်လိုင်းမှ ပတ်စ်ပို့တိုကင်ယူသည့်စနစ်ကို ကြေညာခဲ့ရာ လျှောက်ထားသူ သိန်းချီရှိခဲ့ပြီးနောက် လက်ရှိတွင် အဆိုပါစနစ်အား အဆင့်မြှင့်တင်မည်ဆိုကာ နှစ်ပတ်ခန့် ခေတ္တရပ်နားထားကြောင်း သိရသည်။
အွန်လိုင်းမှ တိုကင်ယူသူ များပြားလွန်းသဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ လုပ်ဆောင်ရခက််ခဲမှုများကြောင့် အချို့မှာ ပွဲစားများနှင့် ဆက်သွယ်ကာ လုပ်ဆောင်ကြရမှုများ ရှိကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – သတင်းထုတ်ပြန်ရေးအဖွဲ့
#ယနေ့ခေတ်