ဗြိတိန်နိုင်ငံမှ အသက် ၄၇ နှစ်အရွယ် မိခင်တစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် သတ်မသေခင် သူ၏ သားငယ်နှစ်ဦးကို အသက်ရှုကြပ်အောင် လည်ပင်းညှစ်ကာ သတ်ခဲ့ကြောင်း သိရသည်။
အသက် ၇ နှစ်အရွယ် မက်ဆီမက်စ်နှင့် ၉ နှစ်အရွယ် အလက်ဇန်းဒါးတို့၏ ရုပ်အလောင်းများကို မိခင်ဖြစ်သူ နက်ဒ်ဂျာ ဒီ ဂျေဂါ၏ အလောင်းနှင့်အတူ
သူတို့၏ နေအိမ်၌ ဖေဖော်ဝါရီလ ၉ ရက် ကြာသပတေးနေ့တွင် ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
နက်ဒ်ဂျာသည် အိမ်ခြံမြေကုမ္ပဏီ သူဌေးတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့် တရားဝင် ကွာရှင်းထားသူဖြစ်သည်။
အဆိုပါဖြစ်ရပ်မှာ လန်ဒန် အရှေ့တောင်ဒေသ၊ ဗယ်လ်ဗာဒီးရားမြို့ရှိ နက်ဒ်ဂျာ၏ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ဆိုးနှင့် ဆက်စပ် ၍ အခြားသံသယရှိသူ မရှိသဖြင့် မည်သူ့ကိုမျှ ရှာဖွေနေခြင်း မရှိကြောင်း ပြောခဲ့သည်။
သေဆုံးသူများ၏ ခန္ဓာကိုယ်ပေါ်တွင် လက်နက်ကြောင့်ရသော ဒဏ်ရာများ မတွေ့ရှိရသောကြောင့် အသက်ရှုကြပ်အောင် လည်ပင်းညှစ်၍ သတ်ခဲ့သည်ဟု ယုံကြည်ရကြောင်း သည်ဆန်း သတင်းစာက ဖော်ပြထားသည်။
သို့ရာတွင် သေဆုံးရခြင်း၏အကြောင်းရင်း ကို သေချာစွာ ဆုံးဖြတ်နိုင်ရန်အတွက် အလောင်းများကို ခွဲစိတ်ရဦးမည်ဟု သိရသည်။
Source: Daily Mail