မိုးသီး​များကြွေကျ၍ ဟိုမိန်းကျေးရွာမှ လက်ဖက် စိုက်ခင်းများ ရွာလုံးကျွတ်နီးပါး ပျက်စီး

Posted on

ရှမ်းပြည်နယ်၊ မတ် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာ၌ ယ​နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးအများအပြား ကြွေကျခဲ့သဖြင့် ရွာလုံးကျွတ်နီးပါးရှိ လက်ဖက်စိုက်ခင်းများ ပျက်စီးခဲ့​ကြောင်း သိရသည်။

အဆိုပါ မိုးသီး​ကြွေကျခြင်းများသည် အရွယ်အစားပမာဏကြီးမားပြီး ​တစ်ရွာလုံးနီးပါးရှိ လမ်းမ​ပေါ်၊ လယ်ယာများနှင့် ​နေအိမ်​​ရှေ့လမ်းများတစ်​လျှောက် ဖုံးလွှမ်း​သွားခဲ့သည်ကို မြင်​တွေ့ရသည်။

ထို့သို့ အချိန်အခါမဟုတ် မိုးရွာ၊ မိုးသီး​ကြွေကျခြင်း​ကြောင့် ​တောင်သူများ စိုက် ပျိုးထားသည့် လက်ဖက်များ ရွက်နုထွက်ချိန်နှင့် ကြုံခဲ့သဖြင့် ထွက်နှုန်းနှင့်တင်ပို့မှုများ ထိခိုက်နိုင်​ကြောင်း ​ဒေသတွင်းမီဒီယာများက ​ဖော်ပြကြသည်။

နမ့်ဆန်မြို့နယ်သည် လက်ဖက်စိုက်ခင်းကို အဓိကအားထား​ စိုက်ပျိုးလုပ်ကိုင်​နေကြပြီး နှစ်စဉ် တန်ချိန်အများအပြား တင်ပို့​နေသည့် ​ဒေသဖြစ်​ကြောင်းလည်း သိရသည်။

“တရုတ်ပြည်ဘက်က ဝင်လာတဲ့ ​အ​ရှေ့​မြောက်ဘက်က ရေ​အေးစီး​ကြောင်းနဲ့အတူပါလာတဲ့ တိမ်​တွေ​ပေါ့။ အဲ့ဒီတိမ်​တွေထဲမှာ ​ရေခဲအမှုန်​တွေ ပါလာပြီး အ​နောက်​တောင်ဘက်က ​ရေ​နွေးစီး​ကြောင်း​​နဲ့ တွေ့တဲ့အခါကျရင် သူတို့ရဲ့အမြင့်​ပေါ်မူတည်ပြီး ပိုမြင့်ရင် ​ရေခဲက ​​အောက်ကိုကျတဲ့အချိန်ကျ​တော့ မိုးသီးက သေးသွားတယ်။ ဖြစ်တဲ့အမြင့်က ​မြေပြင်နဲ့ နီး​လေ မိုးသီးက ကြီး​လေပဲ” ဟု မိုး​လေဝသပညာရှင် ဦးဝင်းနိုင်က ​ပြောသည်။

နှစ်စဥ် ယခုလိုကာလများ၌ အချိန်အခါမဟုတ်မိုးရွာသွန်းမှုနှင့် မိုးသီး​ကြွေကျခြင်းများ ရှိ​သော်လည်း ယခုနှစ်​လောက် ဆိုးဆိုးရွားရွား မကြုံခဲ့ဖူး​ကြောင်း ဟိုမိန်းကျေးရွာ​နေ အမျိုးသားတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ရုပ်အသံဖိုင်ဖြင့် ​ပြောဆိုထားသည်။

ထို့အပြင် လာမည့် ၅ ရက်အတွင်း အိန္ဒိယနိုင်ငံ​မြောက်ပိုင်းမှ မိုးတိမ်​နှင့်အ​အေးတိမ်​များ လက်ယာရစ်အတိုင်းလည်ပြီး ကချင်ပြည်နယ်ဘက်သို့ ဝင်လာနိုင်ဖွယ်ရှိကြောင်း၊ ထိုအ​ခြေအ​နေများ​ကြောင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည် နယ်​မြောက်ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာသွန်း၍ မိုးသီး​ကြွေခြင်းများ ကြုံရနိုင်​ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်၊ ည ၁၁ နာရီ​ကျော်က မန္တ​လေးတိုင်း၊ မိုးကုတ်မြို့၌ အချိန်အခါမဟုတ်မိုးရွာသွန်းပြီး မိုးသီး​ကြွေကျခြင်းများ​ကြောင့် ​နေအိမ်အ​ဆောက်အဦများပါ ​ထိခိုက်ပျက်စီးုများ ရှိခဲ့သည်။

သတင်း – ဝသုန်

ဓာတ်ပုံ – လူမှုကွန်ရက်

#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *